အိန္ဒိယတွင် ကိုဗစ်ကာကွယ်သည်ဆိုကာ နွားမစင်သုတ်လိမ်းနေမှုများနှင့် ပတ်သက်၍ဆရာဝန်များသတိပေးနေရ

အိန္ဒိယတွင် ကိုဗစ်ကာကွယ်သည်ဆိုကာ နွားမစင်သုတ်လိမ်းနေမှုများနှင့် ပတ်သက်၍ ဆရာဝန်များသတိပေးနေရ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်သည်ဆိုကာ နွားမစင် သုတ်လိမ်းနေကြမှုနဲ့ ပတ်သက်ပြီး ဆရာဝန်တွေက သတိပေးမှု လုပ်ခဲ့ပါတယ်။ နွားမစင်ရဲ့ကိုဗစ် ကာကွယ်နိုင်စွမ်းနဲ့ပတ်သက်လို့ သိပ္ပံဆိုင်ရာ အထောက်အထား မရှိသလို ဒါတွေကို သုတ်လိမ်းတာကြောင့် အခြားကူးစက်ရောဂါ ပျံ့ပွားလာ နိုင်ခြေရှိကြောင်း ဆရာဝန်တွေက ပြောဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ အိန္ဒိယအပေါ် အကြီးအကျယ်ထိခိုက်မှုတွေဖြစ်နေစေခဲ့ပြီး ယခုအခါ ရောဂါကူးစက်သူ ၂၂ .၆၆ သန်းခန့်နဲ့ သေဆုံးသူ ၂၄၆ ၁၁၆ ဦး ရှိနေပြီလို့ သိရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုအရ အမှန်တစ်ကယ်ကူးစက် သေဆုံးအရေ အတွက် ဟာဆိုရင် တရားဝင် စာရင်းထက် ငါးဆကနေ ဆယ်ဆလောက်ထိ ရှိနေနိုင်ကြောင်းသိရပြီး နိုင်ငံတစ်ဝန်းက နိုင်ငံသားတွေဟာ ဆေးရုံကုတင်၊ အောက်ဆီဂျင်နဲ့ ဆေးဝါးတွေ ရရှိရေး ရုန်းကန်နေကြရကာ ဆေးကုသမှုမရလို့ သေဆုံးရသူများစွာ ရှိနေတာလည်းဖြစ်ပါတယ်။

အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က ယုံကြည်သူအချို့ဟာ တစ်ပတ်တစ်ကြိမ်နွားခြံတွေကို သွားရောက်ကာ နွားမစင်နဲ့ ကျင်ငယ်ရေတွေ ခန္ဓာကိုယ်မှာ သုတ်လိမ်းကြတယ်လို့ သိရပါတယ်။ ယင်းတို့ကိုသုတ်လိမ်းခြင်းအားဖြင့် သူတို့ရဲ့ကိုယ်ခံအား မြှင့်တင်ပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကနေ ပြန်ကောင်းသွားစေဖို့ အထောက်အကူပြုတယ်လို့ ယုံကြည်ကြကြောင်း သိရပါတယ်။

ဆရာဝန်တွေတောင် ဒီကိုလာတာ မိမိတို့ တွေ့ရကြောင်း ဒီကုထုံးဟာ သူတို့ရဲ့ ခုခံအားကို တိုးတက်စေတယ်လို့ ယုံကြည်ကြပြီး သူတို့အနေနဲ့ စိုးရိမ်စိတ်ကင်းစွာ လူနာတွေကို ပြုစုကုသမှုပေးနိုင်ကြောင်း ဆေးဝါးကုမ္ပဏီတစ်ခုမှ တွဲဖက်မန်နေဂျာ မစ္စတာဂူတမ်မနီလာ့ ဘော်ရီဆာက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကသူ ကိုဗစ်ရောဂါကနေ ပြန်ကောင်းလာရာမှာ ယခုကုထုံးက အကူအညီဖြစ်ခဲ့တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့်အိန္ဒိယနဲ့ ကမ္ဘာတစ်လွှားမှ ဆရာဝန်များနဲ့ သိပ္ပံပညာရှင်များက ကို ဗစ်-၁၉ ရောဂါအတွက် အစားထိုး ကုထုံးတွေ မပြုလုပ်ကြဖို့ ထပ်ခါတလဲလဲ သတိပေးထားခဲ့ကြပါတယ်။ ယင်းလုပ်ရပ်တွေဟာ လုံခြုံစိတ်ချရမှု ကင်းမဲ့စေခြင်းနဲ့ ကျန်းမာရေးပြဿနာတွေကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

နွားမစင်နဲ့ ကျင်ငယ်ရေက ကိုဗစ်ကို ကာကွယ်တဲ့ ကိုယ်ခံအားကို မြှင့်တင်ရာမှာ အလုပ်ဖြစ်တယ်ဆိုသော သိပ္ပံဆိုင်ရာ ခိုင်မာတဲ့ အထောက်အထားမရှိကြောင်းနဲ့ ဒါဟာ ယုံကြည်မှုအပေါ်မှာပဲ အခြေခံတဲ့ ယူဆချက်ဖြစ်ကြောင်းအိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဂျေ အေ ဂျာယာလာက ပြောဆိုခဲ့ပါတယ်။ The Straits Times

Add a Comment

Your email address will not be published. Required fields are marked *