လေယာဉ်ပေါ်ပါ သတင်းထောက်ကို ဖမ်းဆီးဖို့ ခရီးသည်တင်လေယာဉ်တစ်စင်းကို အတင်းအကြပ်ဆင်းသက်စေခဲ့တဲ့ ဘီလာရုစ် အာဏာပိုင်များ

လေယာဉ်ပေါ်ပါ သတင်းထောက်ကို ဖမ်းဆီးဖို့ ခရီးသည်တင်လေယာဉ်တစ်စင်းကို အတင်းအကြပ်ဆင်းသက်စေခဲ့တဲ့ ဘီလာရုစ် အာဏာပိုင်များ

ဘီလာရုစ်အာဏာပိုင်တွေဟာ လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ လိမ်လည်သတိ ပေးချက်ပို့ကာ တိုက်လေယာဉ် တစ်စင်းကို စေလွှတ်ခြံရံပြီး Ryanair ခရီးသည်တင် လေယာဉ်တစ်စင်းကို တနင်္ဂနွေနေ့မှာ အတင်းအကြပ် ဆင်းသက်စေခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက်လေယာဉ်ပေါ် လိုက်ပါလာတဲ့ ၎င်း တို့အပေါ် ဆန့်ကျင်ဝေဖန်သူ သတင်းသမား တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့ ဖြစ်စဉ်ကြောင့် ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

အေသင်မြို့ကနေ လစ်သူရေးနီးယားနိုင်ငံကို ပျံသန်းနေတဲ့ Ryanair လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကို ဆိုဗီယက်ခေတ်လုပ် MiG-29 တိုက်လေယာဉ်တစ်စီးကခြံရံကာ မြေပြင်ဆင်းသက်စေခဲ့တဲ့ လုပ်ရပ်ဟာ လေယာဉ်အပိုင်စီးမှုဖြစ်တယ်လို့ အီးယူခေါင်းဆောင်တွေက ဝေဖန်ခဲ့ပါတယ်။ လေယာဉ်ဟာ ဘီလာရုစ်နိုင်ငံ Minsk မြို့ကို ရုတ်တရက်လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပြီး ယင်းမှာသတင်းသမား ရိုမန် ပရိုတာဆီဗစ်ခ်ျကို အာဏာပိုင် တွေက ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

လေယာဉ် Minsk မြို့ဆီ ဦးတည်ဆင်းသက်ပြီဆိုတာ သိလိုက်ရချိန်မှာ ပရိုတာဆီဗစ်ခ်ျဟာ ခေါင်းနဲ့လက်တွေ တဆတ်ဆတ် တုန်နေခဲ့တယ်လို့ ခရီးသည်တစ်ဦးက ပြောဆိုကြောင်း လစ်သူရေးနီးယား Delfi သတင်း ဌာနက ဖော်ပြပါတယ်။ နောက်ပိုင်းမှာ၎င်းကို လေယာဉ်ပေါ်က ခေါ်ထုတ်သွားခဲ့တယ်လို့ သတင်းမှာဆက်လက်ဖော်ပြခဲ့ပြီး သူဒီနိုင်ငံမှာ သေဒဏ်အပြစ်ပေးခံရတော့မယ်လို့ ပရိုတာဆီဗစ်က ပြောဆိုသွားကြောင်းလည်း သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် သတင်းသမားဟာ ပိုလန်အခြေစိုက် အွန်လိုင်းသတင်းဌာန NEXTA မှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ ယင်း သတင်းဌာနဟာ ပြီးခဲ့တဲ့နှစ်က ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လူကာရှင်ကို ဆန့်ကျင်ရေဆန္ဒပြပွဲကြီးတွေကို တယ်လီဂရမ် မက်ဆင်ဂျာ အပလီကေးရှင်းကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ယင်းအချိန်ဟာ နိုင်ငံခြား သတင်းဌာနတွေက ဆန္ဒပြသတင်းတွေ ဖော်ပြဖို့ ခက်ခဲနေချိန်ဖြစ်ပါတယ်။

ပရိုတာဆီဗစ်ခ်ျဟာ လက်ရှိမှာ Belamova လို့ခေါ်တဲ့ အခြား တယ်လီဂရမ်ချန်နယ်တစ်ခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး ၎င်းကို အစွန်းရောက်ပြစ်မှုဆိုင်ရာ စွဲချက်တွေ၊ လူစုလူဝေး အဓိကရုဏ်းတွေကို စီစဉ်ခဲ့မှုဆိုတဲ့ စွပ်စွဲချက်တွေ၊ လူမှုရေး အမုန်းတရား လှုံဆော်မှု စွဲချက်တွေနဲ့ ဘီလာရုစ်မှာ အလိုရှိခံနေရသူတစ်ဦးဖြစ်ပါတယ်။ ပရိုတာဆီဗစ်ခ်ျကတော့ သူ့အပေါ် စွဲချက်တွေကို ငြင်းဆိုထားခဲ့ကြောင်း သိရပါတယ်။

ယခုလုပ်ရပ်ကြောင့် ဘီလာရုစ်ကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်မယ်လို့ ဥရောပခေါင်းဆောင်တွေက ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်ကလည်း လေယာဉ်ကို အတင်းအကြပ် ဆင်းခိုင်းပြီး လူဖမ်းတဲ့ လုပ်ရပ်ဟာ ထိတ်လန့်တုန်လှုပ်ဖွယ် လုပ်ရပ်ဖြစ်ကြောင်း ဆိုခဲ့ကာ ပရိုတာဆီဗစ်ခ်ျကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ဟာယခုလုပ်ရပ်အပေါ် မိမိတို့ရဲ့ တုံ့ပြန်မှုတွေအတွက် မိမိတို့ မိတ်ဖက်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဘလစ်ကင်က ပြောဆိုခဲ့ပါတယ်။ Ref ; CNA

Add a Comment

Your email address will not be published. Required fields are marked *