ဒိန်းမတ်ယူ-၁၆အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ချင်းလူမျိုးကြယ်ပွင့် ကစားသမား Phun Za Mang

ဒိန်းမတ်ယူ-၁၆အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ချင်းလူမျိုးကြယ်ပွင့် ကစားသမား Phun Za Mang

ချင်းပြည်နယ် ၊ မတူပီမြို့ကနေ ဒိန်းမတ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ Phun Za Mang ဆိုတဲ့ ချင်းလူငယ် ကစားသမားဟာ ဒိန်းမတ် ယူ-၁၆ အသင်းမှာ ရွေးချယ်ခံ လိုက်ရတယ်လို့ သိရပါတယ်။ ဇွန်လ၃ ရက်နေ့ နဲ့ ၅ရက် နေ့တွေမှာ ကစားရမယ့် ပေါ်တူဂီ ယူ-၁၆ အသင်းနဲ့ ခြေစမ်းပွဲအတွက် ရွေးချယ်မှုမှာ ပါဝင်လာခဲ့တာလို့သိရပြီး သူ့ရဲ့ကလပ်အသင်းကလည်း ဒီသတင်းကို ဖော်ပြခဲ့ပါတယ်။

ဒိန်းမတ်ကလပ် Esbjerg FB လူငယ်အသင်းမှာ ဝင်ရောက် ကစားပေးနေတဲ့ Phun Za Mang ဟာ ဒိန်းမတ် ယူ-၁၂အတွက်လည်း ကစားပေးခဲ့ပြီးပြီလို့ သိရပါတယ်။ ချင်းမီဒီယာ သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်အရဆိုရင် သူဟာ Denmark’s Got Talent ပြိုင်ပွဲမှာ ဘောလုံးစွမ်းရည် ပြသခဲ့ဖူးတယ်လို့ လည်းသိရကာ ပရီးမီးယားလိဂ်ကလပ် လီ ဗာပူးလ်မှာ ကစားဖို့ အိပ်မက်ရှိသူလို့လည်း ဆိုပါတယ်။

Transfermarkt က ဖော်ပြထားတဲ့ ကစားသမားရဲ့ အချက်အလက်မှတ်တမ်းတွေမှာတော့ သူဟာ ဘယ်တောင်ပံနေရာမှာ ကစားသူလို့ ပါရှိပါတယ်။ အရပ်အမြင့် ၅ ပေ ၉ လက်မ ရှိကာ အသက်ကတော့ ၁၆ နှစ် အရွယ် ရှိနေပြီဖြစ်ပါတယ်။ ညာတောင်ပံနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာလည်း ကစားနိုင်တယ်လို့ သိရပြီး U19 Boys League မှာ ၈ ပွဲပါဝင်ကစားထားကာ ၂ ဂိုးသွင်းယူ ပေးထားတယ်လို့ တွေ့ရှိရပါတယ်။

သူဟာ ဒိန်းမတ် ပထမတန်းမှာ ကစားနေတဲ့ Esbjer FB အသင်းကြီးအတွက် ဒီနှစ်အတွင်းမှာပဲ လူစားဝင် ကစားပေးနိုင်ခဲ့ပြီး ကလပ်အသင်းသမိုင်းမှာ အသက်အငယ်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီမှာTonsser လူငယ် အသင်းအတွက် ကစားပေးခဲ့ပြီး ယူ-၁၄ ပြိုင်ပွဲမှာ ၈ ပွဲကစားပြီး၂၂ ဂိုးသွင်းကာ ၆ ကြိမ် ဖန်တီးပေးထား နိုင်ခဲ့တယ် လို့လည်း အသင်းဟောင်း Tonsser United က ဖော်ပြထားပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *