ဧဝရက်တောင်ပေါ်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး မျက်မမြင်အာရှသားဖြစ်လာတဲ့ တရုတ်တောင်တက်သမား

ဧဝရက်တောင်ပေါ်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးမျက်မမြင် အာရှသားဖြစ်လာတဲ့ တရုတ်တောင်တက်သမား

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Zhang Hong ဟာ ဧဝရက်တောင် ပေါ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး မျက်မမြင်အာရှ တိုက်သားအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာသူ့အတွက်တော့ ဒီကမ္ဘာပေါ်မှာကြီးမားတဲ့စိန်ခေါ်မှုဆိုတာ ဘာမှမရှိဘူးဆိုတာကို သက်သေပြနိုင်ခဲ့တာဖြစ်ပြီးတရုတ်ပြည် ၊ အနောက်တောင်ပိုင်းက Zhang အတွက် ဂုဏ်ယူဖွယ်ရာလည်းဖြစ်လာခဲ့ပါတယ်။

အမြင့် ၈၈၄၉ မီတာရှိတဲ့ ဟိမဝန္တာတောင်ထိပ်ကို တက်ရောက်နိုင်တဲ့ တတိယမြောက် မျက်မမြင်တောင်တက် သမားဖြစ် လာခဲ့ပြီးနောက် Zhang က သူ့ရဲ့ပျော်ရွှင်မှုကို အခုလိုပဲဖွင့်ဟခဲ့ပါတယ်။ ” ကျွန်တော်က မျက်စိမမြင် နိုင် ပေမယ့်လည်း ကျွန်တော့်ဘဝမှာ ဘယ်လို စိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်တယ်လို့ အမြဲတမ်းခံစားရပါတယ်၊ တောင်ထိပ်ပေါ်ကို ကျွန်တော်ရောက်ချိန်မှာ မမြင်နိုင်ပေမယ့်လည်း သဘာဝတရားကို ကျွန်တော်ခံစားမိပါတယ်”

” သေခြင်းတရားကို ကျော်လွှားပြီး တောင်ထိပ်ကို ရောက်ရှိချိန်မှာ မိခင်သ ဘာဝတရားကြီးက ကျွန်တော့်ကို ရိုကျိုးနှိမ့်ချစေခဲ့ပါတယ်” လို့ Zhange က ပြောခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့ပါတယ်။ Zhang ဟာ သူ့အတွက် တောင်တက် လမ်းညွှန်တွေ အဖြစ် Quang Zi နဲ့ ဒေသခံ Sherpas Lhakpa Sherpa နဲ့ Dawa Wongchu Sherpa ၊ Samden Bhote တို့နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်တလျှောက်လုံးမှာ Qiang ရဲ့ လက်မောင်းကို ကိုင်ကာတက်ရောက်ခဲ့ပြီး သူတို့နှစ်ဦးဟာ တောင်တက်ရာလမ်းမှာ သေမင်းဇုန်လို့ ခေါ်ဝေါ်တဲ့ အဆိုးရွားဆုံးအန္တရာယ်တွေရှိတဲ့ ဧရိယာ၊ ရေခဲနံရံတွေနဲ့ ရေခဲရေ တံခွန်တွေကို ကျော်ဖြတ် ခဲ့ရပါတယ်။ Qiang ကတော့ သူ့ရဲ့အောက်ဆီဂျင် ဗူးကိုတောင်စွန့်လွှတ်ခဲ့ပြီး Zhang ကို ခရီးစဉ်နောက်ဆုံးပိုင်းတွေထိ ရောက်ရှိအောင်မြင်အောင် ကူညီပေးခဲ့ရပါတယ်။

” ကြောက်စရာ ကောင်းခဲ့ပါတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် အသင့်ဖြစ်နေခဲ့ပြီလို့ ထင်ခဲ့ပေမယ့် နီပေါမှာ လေ့ကျင့်မှုတွေ လုပ်ဖို့ရောက်ခဲ့ ချိန်တုန်းက Qiang က ဒီလိုတွေကြုံတွေ့ရမယ်ဆိုတာကို မပြောခဲ့ပါဘူး၊ အစပိုင်းမှာတော့ သူ့ကို ကျွန်တော်မယုံကြည်ခဲ့ပေမယ့် နှင်းမုန်တိုင်းတစ်ခုကြားကနေ ရေခဲတောင်ပေါ်တက်ခဲ့ချိန်မှာတော့ ကျွန်တော်နားလည်သွားခဲ့ပါတယ်၊ ပထမအခြေစိုက်စခန်းမှာပဲ ကျွန်တော်ငိုခဲ့မိပါသေးတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်မျှော်လင့်တာထက် ပိုပြီးခက်ခဲနေခဲ့လို့ပါ” လို့ Zhang က ဆိုပါတယ်။

” တောင်ထိပ်ကိုရောက်ခဲ့ချိန်မှာတော့ ကျွန်တော် မယုံကြည်နိုင်အောင်ကို ဖြစ်ခဲ့ရပါတယ်၊ ဒီနှစ်ပိုင်းတွေမှာ ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်ခဲ့ရမှုတွေနဲ့ စွန့်လွှတ်ပေးဆပ်ခံရမှုတွေက အကျိုးဖြစ်ထွန်းခဲ့ပါပြီ၊ ဒီမဖြစ်နိုင်စရာကြီးအတွက် ခံစားချက်ကို ဖော်ပြလို့တောင် မရပါဘူး၊ ဒါပေမယ့် ကျွန်တော်ဝမ်းမြောက်မိပါတယ်၊ ကျွန်တော်လုပ်နိုင်တယ် ဆိုတာကိုပြသနိုင်ခဲ့ပါပြီ၊ ဘယ်သူမဆို အပြင်းထန်ဆုံးအခက်အခဲတွေကို ရင်ဆိုင်နိုင်ကြပါတယ်” လို့ Zhang ကအားပေးတိုက်တွန်း စကားတွေတောင်မှ ဆိုခဲ့ပါတယ်။

Zhang ကတော့ ၂၀၀၁ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ဧဝရက်တောင်ပေါ်ကိုတက်ရောက် နိုင်ခဲ့တဲ့ မျက်မမြင်တောင်တက် သမားတွေဖြစ်တဲ့ အမေရိကန်က Erik Weihenmayer နဲ့ သြစတြီးယားက Andy Holzer တို့နောက်မှာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ တတိယမြောက် မျက်မမြင်တောင်တက် သမားဖြစ်လာခဲ့ပါတယ်။ ဒီသမိုင်းဝင် တောင်တက်ခရီးစဉ်ကတော့ ပြီးခဲ့တဲ့ဆယ်နှစ်က သူ့ကိုစောင့်ရှောက်ပေးခဲ့တဲ့ ဖခင်နဲ့ ဦးလေးတို့ သေဆုံးပြီးနောက်မှာ ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။ Zhang ဟာ အသက်၂၁ နှစ်အရွယ်မှာပဲ အမြင်အာရုံ ဆုံးရှုံးခဲ့တာဖြစ်ပြီး ဇနီးနဲ့အတူ ဆေးရုံ တစ်ခုမှာ အနှိပ်သည်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှာရှိတဲ့ အမြင့်ဆုံးတောင် ၇ လုံးကို တက်ရောက်နိုင်ဖို့အတွက် Zhang က ပစ်မှတ်ထားနေပြီး သူ့ရဲ့ ဧဝရက်တောင်ထိပ်ခရီးစဉ်ဟာ အစပဲရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *