ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါကို ခြင်နဲ့ပဲပြန်ကုသ နိုင်တော့မယ်

ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကို ခြင်နဲ့ပဲ ပြန်ကုသနိုင်တော့မယ်

အင်ဒိုနီးရှားနိုင်ငံမှာ ဓာတ်ခွဲခန်းအတွင်းက စမ်းသပ်ခြင်တွေကို လူမှုအသိုင်းအဝိုင်းအတွင်း လွှတ်ပေးခဲ့ပြီးနောက် သိပ္ပံပညာရှင်တွေဟာ သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတပတ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ နှစ်ရှည်လများစမ်းသပ်မှုရလဒ်တွေကို ထုတ်ပြန်ခဲ့ရာမှာ ပါရှိခဲ့တာလည်းဖြစ်တယ်လို့ Vice com က ဖော်ပြခဲ့ပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါကတော့ ခြင်ကြောင့်ဖြစ်ပေါ်တဲ့ ရောဂါလို့ အားလုံးနီးပါး သိထားကြတာဖြစ်ပြီး နှစ်စဉ် ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၄၀၀ လောက် ဝေဒနာကူးစက်ခံစားရကာ လူပေါင်းနှစ်သောင်းကျော် နှစ်စဉ်သေဆုံးနေတယ်လို့ အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ Aedes aegypti ခြင်ကိုက် ခံရမှုကြောင့် ကူးစက်ခံရတာဖြစ်ပြီး အဆိုပါခြင်ဟာ ဇီကာဗိုင်းရပ်စ် နဲ့ Chikungunya ဗိုင်းရပ်စ်တွေကိုလည်း သယ်ဆောင်ကူးစက်စေ နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သုတေသီတွေဟာ အင်ဒိုနီးရှားက Yogyakarta မြို့မှာ World Mosquito Program (WMP) နဲ့လက်တွဲကာ ၃ နှစ် ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး Wolbachia လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးသယ်ဆောင်တဲ့ တောရိုင်းအတွင်း ပေါက်ဖွားတဲ့ ခြင်တွေကို လွှတ်ပေးခဲ့ရာမှာ အခုလို ရလဒ် ထွက်ခဲ့တာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကူးစက်မှုနှုန်းဟာ၇၇% အထိ ကျဆင်းခဲ့ပြီး ဆေးရုံတက်ရောက် ကုသရမှုနှုန်းက ၈၆% အထိ ကျဆင်းသွားခဲ့တယ်လို့ New England ဆေးသိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

” Wolbachia က သဘာဝအတိုင်းသာ ရှိနေတာဖြစ်ပြီး မျိုးရိုးဗီဇကို ပြုပြင် ပြောင်းလဲ ထားတာမျိုး မရှိပါဘူး၊ ခြင်တွေရဲ့ ဆဲလ်တွေထဲမှာသူတို့က ရှင်သန်နေထိုင် နိုင်ပြီးတော့ရနိုင်သမျှ အရင်းအမြစ်တွေကို အသုံးပြုပြီး ခြင်ရဲ့ သွေးလွန်တုပ်ကွေး သယ်ဆောင်နိုင်စွမ်းကို ကန့်သတ်ပေးပါတယ်” လို့WMP ရဲ့ သက်ရောက်မှု အကဲဖြတ်ဒါရိုက်တာ Kaite Anders က Vice ကို ပြောကြားခဲ့ပါတယ်။

သုတေသီတွေကတော့ ဒါဟာစိတ်ချယုံကြည်ရပြီး ရေရှည်ဖြေရှင်းနိုင်မယ့် ထိရောက်တဲ့နည်းလမ်းဖြစ်တယ်လို့ ယူဆနေကြပါတယ်။ Wolbachia နည်းလမ်းဟာ အခြားခြင်တွေကြောင့် ဖြစ်နိုင်တဲ့ ရောဂါကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ သူတို့ကဆိုပါတယ်။ Yogyakarta မှာ သူတို့အဖွဲ့ လုပ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အဆိုပါမြို့မှာ သွေးလွန်တုပ်ကွေးက အစုလိုက်အပြုံလိုက်ဖြစ်ပွားတာကြောင့်လို့လည်း သိရပါတယ်။

ဒေသကျန်းမာရေး အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး မြို့ကို ဧရိယာ ၂၄ ခု ခွဲခြမ်းခဲ့ကာ Wolbachia ဘတ်တီးရီးယားသယ်ဆောင်ထားတဲ့ ခြင်ပေါင်း ၆သန်းကို လူပေါင်း ၃ သိန်းနေထိုင်ရာ နေရာတွေကိုကျ ပန်းရွေးချယ်ပြီး လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ရလဒ်ကောင်းတွေထွက်ပေါ်ခဲ့တဲ့နောက်မှာ သူတို့က ဧရိယာတိုးချဲ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြင်ပကနေ ပြန်လာသူတွေကြောင့် သွေးလွန်တုပ်ကွေးရောဂါက ဆက်လက်ဖြစ်ပွားနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လူဦးရေသန်းပေါင်း၂၇၀ ရှိတဲ့ အင်ဒိုနီးရှားကတော့ အရှေ့တောင်အာရှမှာ သွေးလွန်တုပ်ကွေးအဖြစ်ပွားဆုံးနိုင်ငံဖြစ်ပြီး တစ်နှစ်ကို လူပေါင်း၇ သန်းအထိ ကူးစက်ခံနေရတယ်လို့လည်း သိရပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *