ဘော့စ်ဝမ်နာမှာတူးဖော်ရရှိခဲ့တဲ့ အလေးချိန်၁၀၉၈ကာရက်ရှိတဲ့ ကမ္ဘာ့တတိယ အကြီးဆုံးစိန်တုံးကြီး

ဘော့စ်ဝမ်နာမှာ တူးဖော်ရရှိခဲ့တဲ့ အလေးချိန် ၁၀၉၈ ကာရက်ရှိတဲ့ ကမ္ဘာ့တတိယအကြီးဆုံး စိန်တုံးကြီး

ဘော့စ်ဝမ်နာနိုင်ငံမှာ ကမ္ဘာ့တတိယအကြီးဆုံးလို့ ယူဆနိုင်တဲ့ စိန်တုံးကို တွေ့ ရှိခဲ့တယ်လို့ BBC က ဖော်ပြ ခဲ့ပါတယ်။ အလေးချိန် ၁၀၉၈ ကာရက်ရှိတဲ့ စိန်တုံးကို ဘော့စ်ဝမ်နာ သမ္မတ Mokgweetsi Masisi က ကိုယ်တိုင် ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစိန်တုံး ကိုတော့ စိန်ကုမ္ပဏီ Debswana က ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပြီး ၂ ပတ်အကြာမှာ လူသိရှင်ကြား ပြသခဲ့တာလည်း ဖြစ်ပါတယ်။

အခုတွေ့ရှိရတဲ့ ကျောက်မျက် ရတနာဟာ ၂၀၁၅ ခုနှစ်က ဘော့စ်ဝမ်နာမှာပဲ တွေ့ခဲ့ရတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်ထက် အနည်းငယ်အလေးချိန်ပိုနည်းတယ်လို့လည်း ဆိုပါတယ်။ ဘော့စ်ဝမ်နာကတော့ အာဖရိကရဲ့ အကြီးမားဆုံးစိန်ထုတ်လုပ်ရာ နိုင်ငံလည်းဖြစ်ပါတယ်။ အစိုးရနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ကုမ္ပဏီကြီး De Beers တို့ရဲ့ ဖက်စပ်မှုတစ်ခုဖြစ်တဲ့ Debswana ကုမ္ပဏီဖြစ်ပါတယ်။

” Debswana ရဲ့ နှစ်ပေါင်း ၅၀ ကျော် လုပ်ကိုင်ခဲ့မှု အတွင်းမှာ အကြီးမားဆုံး တွေ့ရှိခဲ့မှု ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ပဏာမခွဲခြမ်း စိတ်ဖြာ မှုတွေအရ ကမ္ဘာ့တတိယ အကြီးဆုံးကျောက်မျက်ရတနာ စိန်တုံးဖြစ်နိုင်ပါတယ်”လို့ Debswana ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Lynette Armstrong က ပြောဆိုခဲ့ပါတယ်။ ဒီစိန်တုံး ရောင်းချမှုကရရှိမယ့် ဝင်ငွေရဲ့ ၈၀% ကိုတော့ အစိုးရဘဏ္ဍာ ခွဲဝေတွေအဖြစ် ငှားရမ်းတူးဖော်ခ၊ အခွန်အခတွေ ပေးသွင်းရမယ် လို့လည်း သိရပါတယ်။

စိန်တုံးဟာ ၇၃ မီလီမီတာ ရှည်လျားပြီး ၅၂ မီလီမီတာ အကျယ်ရှိကာ ၂၇ မီလီမီတာ ထူတယ်လို့ ဆိုပါတယ်။ ဘော့စ်ဝမ်နာ သတ္ထုတွင်းဝန်ကြီး Lefoko Moagi က နောက်ဆုံးတွေ့ရှိရမှုဟာ ကိုဗစ်ကပ်ရောဂါကြောင့် စိန်ရောင်းအား ကျဆင်းနေတဲ့အချိန် ဖြစ်နေတဲ့အတွက် ဘော့စ်ဝမ်နာ အတွက်တော့ အချိန်အခါကောင်း မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီစိန်တုံး ကိုတော့ Jwaneng မိုင်းတွင်းမှ တွေ့ရှိခဲ့တာဖြစ်ပြီး နာမည်ပေးရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

၃၁၀၆ ကာရက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးစိန်တုံးကိုတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကမှာတွေ့ရှိခဲ့ရပြီး ဒုတိယအကြီးဆုံးစိန်တုံးကတော့ ၁၁၀၉ ကာရက်ရှိကာ ၂၀၁၅ ခုနှစ်က ဘော့စ်ဝမ်နာမှာပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ De Beers ဒါမှမဟုတ် Okavango စိန်ကုမ္ပဏီ ကတဆင့် ရောင်းဝယ်မှာလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ Armstrong က ပြောကြားခဲ့ပါတယ်။ crd

Add a Comment

Your email address will not be published. Required fields are marked *