လူသေသည်အထိဖြစ်ခဲ့သော တနင်္သာရီတိုင်းက အရက်ပုရင်းပျောက်ဆုံးမှု

လူသေသည်အထိဖြစ်ခဲ့သော တနင်္သာရီတိုင်းက အရက်ပုရင်းပျောက်ဆုံးမှု

အရက်ပုလင်းပျောက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ထွ/အုပ်
စာရေးနှစ်ဦး စကားများရာမှ တစ်ဦးသေဆုံး

အရက်ပုလင်း ပျောက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ခမောက်ကြီးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေ/အုပ်)စာရေးနှစ်ဦး
စကားများရာမှ တစ်ဦးသေဆုံးခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီ ခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်နေ ဦးမောင်ဌေးက သက်ဆိုင်ရာသို့ တိုင်ကြားရာ၌ ၎င်းနှင့်အတူနေထိုင်သူဦးကြည်လွင်(ခ)ဖထီး(၅၉)နှစ်သည် ဦးသိန်းမြင့်နှင့်စကားများရန်ဖြစ်၍ လဲကျစဉ် ဦးခေါင်းနောက်စေ့ကို သမံတလင်းနှင့်ဆောင့်မိဒဏ်ရာရရှိခဲ့သော ကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ပြီး

အခင်းပွားရာနေရာသို့ ခမောက်ကြီးရဲစခန်းမှူး ဒုရဲအုပ် အောင်မြင့်ဌေးနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ဦးကြည်လွင်(ခ)ဖထီး(ဌာနခွဲစာရေး၊ထွေ/အုပ်)၏နားနှင့်နောက်စေ့တို့တွင် ဒဏ်ရာရရှိထားသောကြောင့် ရဲဆေးစာ နှင့်အတူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ၏စုံစမ်းချက်အရ ဦးကြည်လွင်(ခ) ဖထီးသည် ဦးမြင့်လွင်(ဌာနခွဲစာရေး၊ထွေ/အုပ်)ကို ဈေးကူသိမ်းပေးပြီးနောက် ထွေ/အုပ်ဝန်ထမ်းနေအိမ်ခြောက်ခန်းတွဲ ရှိရာနေရာသို့ ဈေးပစ္စည်းများ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

ထိုသို့ လိုက်လံပို့ဆောင်ပေးစဉ် ဦးမြင့်လွင်နှင့် အခန်းချင်းကပ်နေသူ ဦးသိန်းမြင့်(အကြီးတန်းစာရေးထွေ/အုပ်)ဝယ်ယူထားသောအရက်ကို ဦးကြည်လွင်(ခ)ဖထီးက ခိုးယူသောက်သုံးသည်ဟု ဦးသိန်းမြင့်က ပြောဆိုခဲ့သည်။

ထို့နောက် ဦးသိန်းမြင့်က မကျေနပ်သဖြင့် ဦးကြည်လွင်(ခ)ဖထီး၏ဂုတ်အားဆွဲကာ ၄င်း၏အခန်းတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အခန်းအတွင်း၌ နှစ်ယောက်သားစကားများ ရန်ဖြစ်လုံးထွေးသတ်ပုတ်ကြစဉ် ဦးကြည်လွင်(ခ)ဖထီးမှာ နောက်သို့ ပက်လက်လန်လဲကျကာ ဦးခေါင်းကို သမံတလင်းနှင့်ထိခိုက်မိပြီး နောက်စေ့ဖူးယောင် ဒဏ်ရာ၊ ယာနားသွေးထွက် ဒဏ်ရာများရရှိခဲ့သည်။

ခမောက်ကြီးနယ်မြေရဲစခန်းက (ပ)၁၇/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ ဦးသိန်းမြင့် (၅၉) နှစ်ကို အမှုဖွင့်အရေးယူ ခဲ့သည်။

ဒဏ်ရာရရှိသူ ဦးကြည်လွင်(ခ)ဖထီးကို ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် သေဆုံးသွားသဖြင့် မူလအမှုဖွင့်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ မှ၃၀၂သို့ပြောင်းလဲအရေးယူခဲ့သည်။

သက်ဆိုင်ရာက ဦးသိန်းမြင့်ကိုစစ်မေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ဦးသိန်းမြင့်သည် အလုပ်နားချိန်တွင် သောက်ရန်အတွက် အရက်ဝယ်ယူထားရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်တွင် သေဆုံးသူက၄င်း၏ နေအိမ်ဘေးခန်းတွင် လာရောက်နေထိုင်ခဲ့ကြောင်း ၊ ဝယ်ယူထားသည့် အရက်ပုလင်းပျောက်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများခဲ့ဖူးကြောင်း ထွက်ဆိုသည်။

အခင်းဖြစ်သည့်နေ့တွင်လည်း သောက်ရန် ဝယ်ယူထားသည့် အရက်ပုလင်းပျောက်သည့်ကိစ္စနှင့် ပတ်သက်၍စိတ်တိုပြီး ဦးကြည်လွင်ကို လည်ပင်း အင်္ကျီစမှဆွဲခေါ်ကာ အရက်မရှိတော့ကြောင်း ပြသရာမှ စကားများရန်ဖြစ် လုံးထွေးပြီး သံမံတလင်းနှင့် ထိခိုက်မိသည့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

Source from_The Myanmar Times news

Add a Comment

Your email address will not be published. Required fields are marked *