ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရန် ဂျပန်မှာ ကျောင်းများအားလုံး ပိတ်ထားမည်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရန် ဂျပန်မှာ ကျောင်းများအားလုံး ပိတ်ထားမည်

ဂျပန်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်တားဆီးရန်အတွက် စာသင်ကျောင်းများအားလုံးကို ပိတ်ထားမယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းတွေကို တစ်လနီးပါး ပိတ်ထားမှာ ဖြစ်ကြောင်း သိရသည်။

အစိုးရအနေနဲ့ စာသင်ကျောင်းများအားလုံးကို လာမယ့် တနင်္လာနေ့ (မတ်လ ၂ ရက်) မှစပြီး မတ်လကုန်ပိုင်းအထိ ပိတ်ထားရန် ပန်ကြားသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအ‌ဘေးက ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ပြောပါတယ်။ ပိတ်ပင်ထားမယ့်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားဦးရေ ၁၃ သန်းရှိနိုင်တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

ဂျပန်မှာ ကမ္ဘာလှည့်ခရီးသည်ဘတ်စ်ကားရဲ့ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု ဒုတိယအကြိမ် တွေ့ရှိခဲ့ရပြီးနောက် ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ကျောင်းများပိတ်ထားရန် အစိုးရက စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ ဖေဖေါ်ဝါရီ ၂၇ ရက် ညပိုင်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၂ ဦး စစ်ဆေးတွေ့ရှိထားပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။

ထိုအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ထိန်းချုပ်တိုက်ဖျက်မှုဟာ အဆုံးအဖြတ် အခိုက်အတန့်ကို ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ ကမ္ဘာအနှံ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အလားအလာရှိ‌ကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးအတွင်း ကူးစက်ခံရသူ အသစ်တွေ့ရှိမှု ဆက်လက်လျော့ကျသွားခဲ့ပါတယ်။ သို့သော် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေကဲ့သို့ တရုတ်ပြင်ပမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက် မြင့်တက်လာခဲ့ပါတယ်။

“ဒီအချိန်က ကြောက်လန့်ဖို့အတွက် မဟုတ်ပါဘူး၊ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးပြီး လူ့အသက်တွေကယ်တင်ရေး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အချိန်ပါ” လို့ WHO အကြီးအကဲက ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၂၇ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ COVID-19 ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၇၄၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၈၁၁ ဦးအထိ မြင့်တက်လာပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ကတော့ တရုတ်ပြည်မကြီးမှာ ၇၈,၄၉၇ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၈၂,၅၆၄ ဦးရှိလာပြီး ၃၃,၂၅၂ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization-WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။Ref ; Duwun

Add a Comment

Your email address will not be published. Required fields are marked *