အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ဇူလိုင် (၁၃) ရက်တွင် ကျောင်းအပ်လက်ခံမည်

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ဇူလိုင် (၁၃) ရက်တွင် ကျောင်းအပ်လက်ခံမည်

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများကို ဇူလိုင် (၁၃) ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇူလိုင် (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“အခြေခံပညာ ကျောင်းတွေဖွင့်လှစ်ဖို့အတွက် အရင်ဆုံး အထက်တန်းအဆင့်ကိုစဖွင့်မယ်။ ပညာရေးဝန်ကြီးဌာနကလည်း ဇွန် (၂) ရက်နေ့မှာ တရားဝင်ညွှန်ကြားထားတယ်။ အလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့်တွေက COVID-19 ရောဂါ အခြေအနေပေါ် မူတည်ပြီးတော့မှ ထပ်ပြီး အကြောင်းကြားမယ် ဆိုထားတယ်။အကြောင်းကြားစာ မရောက်သေးဘူး။” ဟု မန္တလေးတိုင်းဒေသကြီးအခြေခံပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးးစိုးလွင်(ပညာ) က ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရန် ဇူလိုင် (၂၁) ရက်တွင် စတင် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ ကျောင်းအပ်နှံခြင်းကာလကို ဇူလိုင်(၁၃) မှ (၁၇) ရက်အထိ သတ်မှတ်ထားပြီး လက်ရှိအခြေအနေအရ ကျောင်းများ စတင်ဖွင့်လှစ်ခြင်းသည် စမ်းသပ်ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ရေး ကျုန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသားဦးရေ (၂၀) ဝန်းကျင်ဖြင့် ဖွင့်လှစ် သင်ကြားရန် လျာထားသည်။

အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်၍မူ သီးခြားညွှန်ကြားချက် မရှိသေးကြောင်း၊ အခြေခံ ပညာကျောင်းများတွင် နဝမတန်း စာမေးပွဲ အောင်စာရင်းကို ဇူလိုင် (၁၁) ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့် ကျောင်းတွင်းစစ် စတုတ္ထတန်းနှင့် အဌမတန်းတို့၏ အောင်စာရင်းများကို လည်း ဇူလိုင် (၁၃) ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အထက်တန်းကျောင်း (၆၇၅) ကျောင်းရှိရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အထက်တန်းဆင့် ပညာသင်ယူခဲ့သည့် ကျောင်းသားဦးရေမှာ (၁၆၅၀၀၀) ကျော် ရှိကြောင်း သိရသည်။ Source ; News Watch

Add a Comment

Your email address will not be published. Required fields are marked *