ကုန်စိမ်းရောင်းတဲ့ ဘဝကနေ သိန်းပေါင်းလေးသောင်းကျော် လှူနိုင်တဲ့အထိ ကြိုးစားခဲ့တဲ့အလှူရှင်
သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဆု(လူပုဂ္ဂိုလ်များ) ပထမအဆင့်ကို မိုးကောင်းမြို့မှ အမျိုးသမီးတစ်ဦး ချီးမြှင့်ခံရကြောင်း ယမန်နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့က နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာခဲ့သိရပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နောင်ကိုင်တော်ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြရွှေပြည်ကုမ္ပဏီတို့၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်မြင့်ဦးသည် နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာတော် ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို အပ်နှင်းဂုဏ်ပြုခြင်းခံရကြောင်း ဇန်နဝါရီလ (၄) ရက်နေ့က နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
“ အန်တီတို့က ဘဝကို အောက်ခြေက စခဲ့ရတာ။ အိမ်ထောင်ထူကာစက အန်တီ့အမျိုးသားက ဆိုက္ကားနင်းပြီး အန်တီက ကုန်စိမ်းရောင်းပြီး ဘဝကို စခဲ့ရတာ။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားရင်း ခုတော့ လုပ်ငန်းအများအပြားက မြန်မာပြည် အနှံ့ ခြေဆန့်နိုင်ခဲ့ပြီး ရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက် ၊ ဘုရားတည် အလှူဒါန အသီးသီးပြုကြတယ်။ ခုလိုဘွဲ့ထူးချီးမြှင့်ခံရတာ အထူးအထူးပဲဝမ်းသာမိတယ်။ အရမ်းလဲပျော်ရပါတယ်၊ ပီတိမျက်ရည်များလဲကျခဲ့ရပါတယ်။
တစ်မူးရလို့တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင် ရိုးလား ဆိုတဲ့အတိုင်းဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက်တွေဟာ ကျပါများလာတော့ ရေပုံး၊ ရေအိုးထဲပြည့် လျှံရသလို အလှူဒါနတွေကလဲ တစ်ဖြည်းဖြည်း တစ်စိမ့်စိမ့်လှူလာရင်းနဲ့ ဒါနကုသိုလ်တွေများလာခဲ့ရတာပါ။
ဒီဘွဲ့ဟာ အန်တီ့ဘဝရဲ့ သမိုင်းမှတ်တမ်း မှတ်တိုင်လေးတစ်ခုလေးဖြစ်လို့ အရမ်းအရမ်းပျော်တာပေါ့။ သွားလေသူကြီးလဲ ရောက်ရှိရာ ဘုံကနေ အပြုံးပီတိတွေနဲ့ကြည့်နေမှာပါ၊ သိနေမှာပါ”ဟု သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ဆိုပါတယ်။
အဆိုပါ အလှူရှင်သည် နေရာဌာနအသီးသီးတွင် ငွေကျပ် သိန်းပေါင်းလေးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ ကို နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်ခဲ့ပြီးကြောင်း သိရပါတယ်။
Be the first to comment