ဗီယက်နမ်မှ သက်တော်ရှည် ဇင်ဆရာတော် သစ်နက်ဟန် ပျံလွန်တော်မူ
ဗီယက်နမ်က ထင်ရှားတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ၊ ဇင်ဗုဒ္ဓဘာသာ သက်တော်ရှည် ဘုန်းတော်ကြီး သစ်နက်ဟန်ဟာ ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ မနက်အစောပိုင်းမှာ ဗီယက်နမ်နိုင်ငံ ၊ ဟွေးမြို့က သီတင်းသုံးနေတဲ့ ကျောင်းတိုက်မှာ ပျံလွန်တော် မူသွားပြီဖြစ်ပါတယ်။
ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅ နှစ်ရှိပြီလည်းဖြစ်ပါတယ်။ ဈဆရာတော်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ ဗီယက်နမ် စစ်ပွဲဆန့်ကျင်သူတစ်ဦးအနေနဲ့ ထင်ရှားလာ ခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေမှာ ဗုဒ္ဓဘာသာနဲ့ ဦးဆောင်အလင်းပြခဲ့သူလို့လည်း ဖြစ်သလို သူဟောကြားတဲ့ တရားတော်တွေဟာ ထင်ရှားခဲ့ပါတယ်။
အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို ဦးဆောင်လမ်းပြသူ တစ်ဦးအနေနဲ့ ဆရာတော်ဟာ ပြင်သစ်နိုင်ငံမှာ ဇီးတောကျောင်းတိုက်ကို တည်ထောင်ခဲ့ပြီး သတိပဌာန်ကျင့်စဉ် တရားတော်တွေကို ပုံမှန်ဟောကြားပို့ချတော်မူခဲ့ပါတယ်။ဆရာတော်ရဲ့ နူးညံ့ပေမယ့် အင်အားအပြည့်အဝရှိတဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ တရားတော်တွေဟာ ကမ္ဘာမှာ ကျော်ကြားပါတယ်။
ဆရာတော် သစ်နက်ဟန်ဟာ ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ အမေရိကန်ပြည်ထောင်စု ပရင့်စတန်နဲ့ ကိုလန်ဘီယာ တက္ကသိုလ်တွေမှာလည်း သင်ကြားပို့ချမှုတွေပြုလုပ်ခဲ့ပြီး ဘာသာ စကား ခုနစ်မျိုးကိုပြောဆိုနိုင်သူလည်းဖြစ်ပါတယ်။
ဆရာတော်ဟာ ဘုန်းတော်ကြီးတွေက မိမိကိုယ်ကို မီးရှို့ပြီး အမေရိကန်-ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်တဲ့ဆန္ဒ ပြမှုတွေ ပေါ်ပေါက်ခဲ့တဲ့ ၁၉၆၃ ခုနှစ်မှာ စစ်ဆန့်ကျင်ရေးမှာ ပါဝင်ဖို့ ဗီယက်နမ်ကို ပြန်လည်ကြွရောက်ခဲ့ပါသေးတယ်။
ဆရာတော်ဟာ သူ့ရဲ့ သက်တမ်း တလျှောက် ပြည်ပနိုင်ငံတွေမှာ လှည့်လည် သာသနာပြုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ လေဖြတ်ဝေဒနာကြောင့် စကားမပြောနိုင်တော့ဘဲ သူ့ရဲ့နောက်ဆုံးလက်ကျန်နေ့ရက်တွေကို မွေးရပ်မြေမှာ ကုန်ဆုံးဖို့အတွက် ဗီယက်နမ်နိုင်ငံ၊ ဟွေးမြို့မှာ ပြန်လည်ကြွရောက်ခဲ့ပြီးအဲဒီက ကျောင်းတိုက်မှာ ပျံလွန်တော်မူချိန်ထိ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။
Be the first to comment